Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ဝင်ရောက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Last Updated:

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ဝင်ရောက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို မြန်မာ့လယ်ယာထွက်ကုန်များကို ဂျပန်နိုင်ငံ၏ စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်တင်ပို့ ရောင်းချမှုမြှင့်တင်ရေးအတွက် အာဆီယံ-ဂျပန်စင်တာ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ်ကိုယ်စား Senior Executive Officer Dr.Yuka Kubota က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာက‌ပေါနှင့် ညွှန်ကြားရေးမှူး၊ ဒေါက်တာသက်လွင်ဦးတို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

      ထို့နောက် အမြဲတမ်းအတွင်းဝန်သည် ဂျပန်စျေးကွက်သို့ တင်ပို့ရန် အလားအလာ ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ဝဥ၊ ဂျင်း၊ တိုင်းရင်းဆေး၊ ဟင်းသီးဟင်း ရွက်နှင့် နှမ်းထုတ်ကုန်များခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု့အားပေးပြီး လိုအပ်သည်များကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ဒုတိယပိုင်း အစီအစဉ်တွင် ဂျပန်စျေးကွက်သို့ လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ၎င်းတို့၏ အတွေ့အကြုံများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းသည့် မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ ၎င်းနောက် သီးနှံအုပ်စုအလိုက် အစုအဖွဲ့များမှဆွေးနွေး၍ ဂျပန်စျေးကွက် ဝင်ရောက်နိုင်ရေး အားသားချက်၊ အားနည်းချက်နှင့် ဆောင်ရွက်ရန်အချက်များကို ဖော်ထုတ် ခဲ့ကြပါသည်။

        အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရွာငံ၊ နောင်တရားမြို့၊ ကယားပြည်နယ်၊ဖယ်ခုံမြို့နယ်၊ မကွေးတိုင်းနှင့်နေပြည်တော်တို့မှ လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူကိုယ်စားလှယ်များ  ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Category: Local News